1 အာဗြဟံသည်ကေတုရနာမည်ရှိသော မိန်းမနှင့်နောက်ထပ်အိမ်ထောင်ပြု၏။-
2 ထိုမိန်းမသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကိုဖွားမြင်လေသည်။-
3 ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
4 မိဒျန်၏သားများမှာဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါတို့ဖြစ်ကြသည်။ ထိုသူ အားလုံးတို့သည်ကားကေတုရ၏အဆက် အနွယ်များဖြစ်ကြသတည်း။
5 အာဗြဟံသည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ဣဇာက်အားအမွေပေး၏။-
6 သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
7-8 အာဗြဟံသည်အသက်တစ်ရာ့ခုနစ်ဆယ်ငါး နှစ်ရှိသော်အိုမင်းလျက်၊ နေ့ရက်ကာလများစွာ ပြည့်စုံခြင်းနှင့်တကွ၊ နောက်ဆုံးထွက်သက်ကို ရှူ၍မိမိလူမျိုးစုနှင့်စုဝေးခွင့်ရလေ၏။-
9 သားများဖြစ်ကြသောဣဇာက်နှင့်ဣရှမေလ တို့သည် မံရေမြို့အရှေ့ဘက်ရှိဟိတ္တိအမျိုးသား ဇောရ၏သားဧဖရုန်ပိုင်ခဲ့သောမြေကွက်တွင် မပ္ပေလဂူ၌ဖခင်ကိုသင်္ဂြိုဟ်ကြ၏။-
10 မြေကွက်မှာဟိတ္တိအမျိုးသားတို့ထံမှအာဗြဟံ ဝယ်ယူခဲ့သောမြေကွက်ဖြစ်၏။ စာရာကိုသင်္ဂြိုဟ် ရာသင်္ချိုင်းတွင်အာဗြဟံကိုသင်္ဂြိုဟ်ကြ၏။-
11 အာဗြဟံကွယ်လွန်ပြီးနောက်``ငါ့ကိုမြင် တော်မူသည့်အသက်ရှင်တော်မူသောအရှင် ၏ရေတွင်း'' အနီး၌နေထိုင်သောဣဇာက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။
12 အာဗြဟံနှင့်စာရာ၏ကျွန်မအီဂျစ်အမျိုး သမီးဟာဂရတို့ရသောသားဣရှမေလ၏ သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။-
13 ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
14 မိရှမ၊ ဒုမာ၊ မာစ၊-
15 ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှနှင့်ကေဒမာ တို့ဖြစ်ကြသည်။-
16 ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
17 ဣရှမေလသည်အသက်တစ်ရာ့သုံးဆယ့်ခုနစ် နှစ်ရှိသော်ကွယ်လွန်လေသည်။-
18 ဣရှမေလ၏အဆက်အနွယ်တို့သည်အီဂျစ် ပြည်အရှေ့ဘက်အာရှုရိပြည်သို့သွားရာလမ်း တွင် ဟဝိလမြို့နှင့်ရှုရမြို့အကြားရှိဒေသ တွင်နေထိုင်ကြသည်။ သူတို့သည်အာဗြဟံ၏ အခြားသောအဆက်အနွယ်တို့နှင့်တသီး တခြားနေထိုင်ကြလေသည်။
19 အာဗြဟံသားဣဇာက်၏အတ္ထုပ္ပတ္တိကိုဖော်ပြ ပေအံ့။-
20 ဣဇာက်သည်အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်မှ ရှုရိအမျိုးသားဗေသွေလ ၏သမီး၊ လာဗန်၏နှမရေဗက္ကနှင့်အိမ်ထောင် ပြုလေသည်။-
21 ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
22 သူ၏ပဋိသန္ဓေမှာကလေးအမြွှာတည်၍ထို ကလေးတို့သည်မမွေးဖွားမီက အမိ၏ဝမ်း ထဲမှာအချင်းချင်းအားပြိုင်ကြ၏။ ထိုအခါ ရေဗက္ကက``ကျွန်မတွင်အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း'' ဟုဆို၍ထာဝရဘုရား ထံလျှောက်ထားလေသည်။
23 ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
24 ရေဗက္ကသည်သားဖွားချိန်စေ့သောအခါ သား အမြွှာကိုဖွားမြင်လေသည်။-
25 အဦးဖွားသောသားသည်အဆင်းနီ၍အမွေး ထူသဖြင့်ဧသောဟုနာမည်မှည့်လေသည်။-
26 ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။
27 သူငယ်တို့သည်လည်းကြီးပြင်းလာကြ၏။ ဧသောသည်တော၌ကျက်စားသောမုဆိုး ကောင်းဖြစ်လာ၏။ ယာကုပ်မူကားအိမ်တွင် အေးချမ်းစွာနေသောသူဖြစ်၏။-
28 ဣဇာက်သည်ဧသောအမဲလိုက်၍ရသော အမဲကိုနှစ်သက်သဖြင့် ဧသောကိုချစ်၏။ သို့ရာတွင်ရေဗက္ကသည်ယာကုပ်ကိုချစ်၏။
29 တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
30 ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
31 ထိုအခါယာကုပ်က``သားဦးအရာကို ပေးလျှင်ဟင်းကိုပေးမည်'' ဟုဆိုလေသည်။
32 ဧသောက``ငါသည်သေလုအောင်ဆာနေပြီ။ သားဦးအရာသည်ငါ့အဖို့မည်ကဲ့သို့ အကျိုးထူးရှိနိုင်မည်နည်း။ သားဦးအရာ ကိုယူလော့'' ဟုပြန်ဖြေ၏။
33 ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။-
34 ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။