1 နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
2 ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
3 ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
4 ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
5 ငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။-
6 ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
7 တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-