1 ဣသရေလမင်းသားတို့အတွက်ငိုချင်း ကိုအောက်ပါအတိုင်းဖွဲ့ဆိုရန် ထာဝရ ဘုရားသည်ငါ့အားအမိန့်ပေးတော်မူ၏။
2 သင့်အမိသည်ခြင်္သေ့မပီသပါပေသည်။သူသည်ငယ်ရွယ်သောခြင်္သေ့ဖိုတို့ကြားတွင်သားငယ်များကိုကြီးပြင်းအောင်ကျွေးမွေး စောင့်ရှောက်၏။
3 သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
4 လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါတွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
5 ခြင်္သေ့မသည်မိမိ၏မျှော်လင့်ချက်များမရှိ တော့ဘဲမျှော်မှန်းချက်များကုန်ဆုံးသည်ကို သိမြင်သောအခါအခြားသားငယ်တစ်ကောင်ကိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ပြန်၏။ထိုသားငယ်သည်လည်းကြောက်မက်ဖွယ်ကောင်းသောခြင်္သေ့ ဖြစ်လာလေသည်။
6 သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။
7 သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။သူဟောက်လိုက်သည့်အခါတိုင်း၊ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။
8 ထိုအခါအရပ်ရပ်သူ၏ပတ်ဝန်းကျင်မှ လူမျိုးတကာတို့သည်စုရုံးလာကြလျက်၊သူ့အားမုဆိုးပိုက်ကွန်များဖြင့်တွင်းထဲသို့ ထောင်ဖမ်းကြ၏။
9 ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီးလှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကိုနောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။
10 သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။
11 အကိုင်းများသည်သန်မာခိုင်ခံ့သဖြင့် ရာဇလှံတံ အဖြစ်အသုံးဝင်လာလေသည်။စပျစ်ပင်သည်သစ်ပင်အရွက်အလက်များ အထက်ထိအောင်မြင့်မားလာ၏။ထိုအပင်အဘယ်မျှမြင့်မား၍အရွက် အလက်များ ထူထပ်သည်ကိုထင်ရှားစွာမြင်ရကြ၏။
12 သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
13 ယခုအခါထိုအပင်ကိုခြောက်သွေ့၍ရေမရှိရာအရပ်ဖြစ်သောတောကန္တာရတွင် စိုက်ထားလေသည်။
14 ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့်အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။