27 ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
28 ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
29-30 ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
31 ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
32 ထိုလူသည်အရှေ့မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာ၍ ကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
33 ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
34 အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။