1 အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါ၀ိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသ သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက် ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်း သာယာ၏။
2 အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။
3 တပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကို၎င်း၊ မြင့်သောအရပ်တို့ကို၎င်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။
4 ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက်မည်အကြောင်း မိန့်တော်မူ၏။
5 ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာလျက် ရှိ၏။
6 ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည် ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
7 ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သော မြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။