1 ပြည်သူပြည်သားတို့သည် ယောရှိသား ယောခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
2 ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
3 ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင်မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
4 အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ်၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာတင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
5 ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
6 ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
7 ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
8 ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှားသောစိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
10 နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော်ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
11 ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
12 ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကိုမနှိမ့်ချ။
13 ဘုရားသခင်အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
14 ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
15 ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16 ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
17 ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့အပ်တော်မူ၏။
18 ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
19 ဗိမာန်တော်ကိုလည်းမီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
20 ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံမတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
21 ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကိုမွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။