ဧ​ဇ​ရ 1 BJB

1 ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရားနှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊

2 ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။

3 သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသောဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။

4 ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။

5 ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့်တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။

6 အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။

7 ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာတို့ကို၊

8 ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက်လျက် အပ်တော်မူ၏။

9 ဗိမာန်တော်တန်ဆာစာရင်းဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ်ကိုးစင်း၊

10 ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာတဆယ်၊ အခြားသောတန်ဆာတထောင်၊

11 ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်းကား၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန်မြို့ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10