14 ရှင်ဘုရင်ထံသို့ရောက်သောအခါ၊ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟုမေးလျှင်၊ မိက္ခာကစစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။
15 ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည်ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊
16 မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့်၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
17 ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။
18 မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။
19 ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ဆုံးစေခြင်းငှါ၊ အဘယ်သူသွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။
20 တဖန်ဝိညာဉ်တပါးသည်လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင်၊