9 အကျွန်ုပ်တို့အပေါ်မှာထားဘေး၊ ဒဏ်ခတ်ခြင်းဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက်၍၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။
10 ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ တိုက်ရသော အခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မုန်မျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့သည်၊
11 အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံရာမြေထဲက၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ၍၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ။
12 အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း၍၊
13 ယုဒလူအပေါင်းတို့သည် သားမယားသူငယ်တို့နှင့်တကွ၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။
14 ထိုအခါ ပရိသတ်အလယ်၌ရှိသော လေဝိအမျိုး၊ အာသပ်အနွယ်၊ မတ္တနိ၊ ယေယေလ၊ ဗေနာယ၊ ဇာခရိတို့မှ ဆင်းသက်သောယဟာဇေလအပေါ်သို့၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် သက်ရောက်၍၊
15 ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့ သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။