1 ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
2 ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ်လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
3 ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။
4 ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊
5 ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလလူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။
6 တဖန်ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒကို ခေါ်၍၊ သက်သေခံတော်မူချက်တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန်မောရှေနှင့် စည်းဝေးရာ ဣသရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟု မေးတော်မူ၏။