16 ရှင်ဘုရင်က၊ သင်သည်တိုင်ပင် မှူးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှု ကိုပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17 ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသရေလရှင်ဘုရင်ယေဟု သားဖြစ်သောယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
18 ဣသရေလရှင်ဘုရင်ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ၏။
19 သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟုဆိုလျက်၊ ဝါကြွားချင်သော စိတ်မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။
20 ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သောကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။
21 ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊
22 ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသားရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။