17 ယဇ်ပုရောဟိတ်အာဇရိသည် ရဲရင့်ခြင်းသတ္တိရှိသော ထာဝရဘုရား၏ အမှုတော်ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့်တကွ၊ ရှင်ဘုရင်ဩဇိနောက်တော်သို့ လိုက်၍၊
18 ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ၊ ခန့်ထားသောအာရုန်သား ယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာဌာနထဲကထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြလျှင်၊
19 ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။
20 ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည်ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့်၊ အလျင်အမြန်ထွက်လေ၏။
21 ထိုသို့ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကို အုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
22 ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ၏။
23 ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့် အတူ သင်္ဂြိုဟ်ခြင်းကိုခံရသော်လည်း၊ လူနူဖြစ်သော ကြောင့်၊ ရှင်ဘုရင်ကို သင်္ချၖိုင်းနှင့်ဆိုင် သောမြေအကွက်၌သာ သင်္ဂြိုဟ်ကြ၏။ သားတော်ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။