၂ ရာ​ချုပ် 32:18-24 BJB

18 တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေးကြော်ကြ၏။

19 လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသားများ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရားသခင်ကို ရော၍ ကဲ့ရဲ့ကြ၏။

20 ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည်ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊

21 ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင်တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသောသူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိပြည်သို့ပြန်သွား၏။ မိမိဘုရား၏ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။

22 ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။

23 အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင်ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြသဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူမျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။

24 ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသောတန်ခိုးတော်ကို ခံရ၏။