3 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။
4 သို့ဖြစ်၍ သင်တို့ခံရသော ညှဉ်းဆဲခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိသမျှတို့၌ထင်ရှားသော သင်တို့၏သည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့အတွက် ငါတို့ကိုယ်တိုင် ဘုရားသခင်၏အသင်းတော်များတွင် သင်တို့အကြောင်းကို ဝါကြွားကြ၏။
5 ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။
6 သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊
7 ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
8 ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
9 ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံရကြလိမ့်မည်။