1 ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
2 တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
3 ဟေရုဒ်မင်း၏အိမ်ထောင်အုပ်ချုပ်ရေးမှူးခုဇ၏ ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားအမျိုးသမီး များပါ၏။ ဤအမျိုးသမီးများသည်မိမိတို့ စရိတ်ဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့အား လုပ်ကျွေးသမှုပြုကြ၏။
4 အမြို့မြို့မှလာကြသောလူအပေါင်းတို့သည် အထံတော်တွင်စုရုံးလျက်နေကြစဉ်ကိုယ် တော်သည်ပုံဥပမာဆောင်၍၊-
5 ``မျိုးကြဲသူသည်မျိုးကြဲရန်ထွက်သွား၏။ မျိုးကြဲ သောအခါအချို့မျိုးစေ့များသည်လမ်းတွင်ကျ၏။ ထိုမျိုးစေ့တို့ကိုလူများကျော်နင်း၍ငှက်များ ကောက်စားကြ၏။-
6 အချို့မျိုးစေ့များသည်ကျောက်မြေပေါ်တွင်ကျ ၏။ အပင်များပေါက်ပြီးနောက်ရေမရသဖြင့် ညှိုးနွမ်းခြောက်သွေ့ကုန်၏။-
7 အချို့မျိုးစေ့များသည်ဆူးတောတွင်ကျ၏။ ဆူးပင် များသည်အပင်ငယ်များနှင့်အတူကြီးထွားလာ ပြီးလျှင်ထိုအပင်ငယ်တို့ကိုလွှမ်းမိုးသွား၏။-
8 အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
9 တပည့်တော်တို့သည်ဤပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
10 ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
11 ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။-
12 လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
13 ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
14 ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
15 မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
16 ``ဆီမီးကိုထွန်းပြီးလျှင်တောင်းဖြင့်အုပ်ထား ခြင်း၊ ခုတင်အောက်မှာထားခြင်းကိုအဘယ်သူ မျှမပြုတတ်။ အခန်းထဲသို့ဝင်လာသူများ အလင်းကိုမြင်စေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။
17 ``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
18 ``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
19 ကိုယ်တော်၏မယ်တော်နှင့်ညီတော်များသည် အထံတော်သို့လာကြ၏။ သို့ရာတွင်လူပရိ သတ်တိုးမပေါက်သဖြင့်ကိုယ်တော်အားတွေ့ ခွင့်မရနိုင်ကြ။-
20 လူတို့က ``မယ်တော်နှင့်ညီတော်များသည်အရှင့် ကိုတွေ့လိုသဖြင့်အပြင်တွင်စောင့်နေကြပါ သည်'' ဟုလျှောက်ကြ၏။
21 ထိုအခါကိုယ်တော်က ``ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကြား၍လိုက်လျှောက်သူတို့ကား ငါ၏အမိ၊ ငါ၏ညီများပေတည်း'' ဟုမိန့်တော် မူ၏။
22 တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။-
23 သို့ရွက်လွှင့်ကြစဉ်ကိုယ်တော်သည်အိပ်စက်လျက် နေတော်မူ၏။ ထိုအချိန်၌အိုင်တွင်လေမုန်တိုင်း ကျသဖြင့်လှေသည်ရေနှင့်ပြည့်လုမတတ်ရှိ လေ၏။ တပည့်တော်တို့သည်ရေနစ်မည့်ဘေးနှင့် တွေ့ကြုံရကြ၏။-
24 သူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။-
25 ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်း မရှိကြသလော'' ဟုတပည့်တော်တို့အား မေးတော်မူ၏။တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများကို ပင်အမိန့်ပေး၍သူတို့သည်လိုက်နာကြပါ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
26 ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါရစနယ် သို့ရွက်လွှင့်ကြ၏။ ဂါရစသည်ဂါလိလဲပြည် အိုင်တစ်ဖက်ကမ်းတွင်ရှိ၏။-
27 ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။-
28 သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
29 သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။
30 သခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။-
31 နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။
32 ထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။-
33 ကိုယ်တော်ခွင့်ပြုတော်မူသဖြင့်နတ်မိစ္ဆာများသည် လူမှခွာ၍ဝက်များကိုပူးဝင်ကြ၏။ ထိုအခါ ဝက်အုပ်တစ်အုပ်လုံးသည်အိုင်ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်းပြီးလျှင်ရေနစ်သေ ဆုံးကြကုန်၏။
34 ဤသို့ဖြစ်ပျက်သည့်အခြင်းအရာကိုဝက်ထိန်း တို့မြင်သောအခါထွက်ပြေးကြ၏။ သူတို့သည် မြို့နှင့်ကျေးလက်တောရွာများတွင်ထိုအဖြစ် အပျက်အကြောင်းကိုအနှံ့အပြားပြောကြား ကြ၏။-
35 လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။-
36 မျက်မြင်သက်သေများကလည်းထိုသူနတ်မိစ္ဆာ ဘေးမှကင်းလွတ်လာပုံကိုလူတို့အားပြောပြ ကြ၏။-
37 ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
38 နတ်မိစ္ဆာများစွန့်ခွာသွားသူသည်မိမိအား ကိုယ်တော်နှင့်အတူလိုက်ခွင့်ပြုရန်ပန်ကြား၏။-
39 သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။
40 သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။-
41 ထိုအခါယာဣရုဆိုသူသည်ထံတော်သို့ရောက် လာ၏။ သူသည်တရားဇရပ်အုပ်ချုပ်ရေးမှူးဖြစ် ၏။ ကိုယ်တော်၏ခြေတော်ရင်းမှာပျပ်ဝပ်ကာသူ ၏အိမ်သို့ကြွတော်မူရန် ကိုယ်တော်အားတောင်း ပန်၏။-
42 ဤသို့တောင်းပန်ရသည့်အကြောင်းမှာသူ၏ တစ်ဦးတည်းသောတစ်ဆယ့်နှစ်နှစ်အရွယ် သမီးသည်သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ကိုယ်တော်သည်သူနှင့်အတူလိုက်သွားသော အခါလူအပေါင်းတို့သည်ကိုယ်တော်ကို တိုးဝှေ့မိကြ၏။-
43 အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။-
44 ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။-
45 သခင်ယေရှုက ``ငါ့ကိုအဘယ်သူတို့ထိ သနည်း'' ဟုမေးမြန်းတော်မူ၏။ လူအပေါင်း တို့ကမိမိတို့မတို့မထိရကြကြောင်းငြင်း ဆိုကြသောအခါပေတရုနှင့်အပေါင်းအဖော် များက ``အရှင်၊ လူပရိသတ်တို့သည်အရှင့်ကို တိုးဝှေ့နေကြပါ၏။ သို့ပါလျက်ငါ့ကိုအဘယ် သူတို့ထိသနည်းဟုအရှင်မိန့်တော်မူပါ သလော'' ဟုမေးလျှောက်ကြ၏။
46 သို့ရာတွင်သခင်ယေရှုက ``လူတစ်စုံတစ်ယောက် သည်အမှန်ပင်ငါ့ကိုတို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကိုငါသိ၏'' ဟုမိန့်တော် မူ၏။-
47 အမျိုးသမီးသည်မိမိပြုသည့်အမှုပေါ်သွား ကြောင်းသိရှိသောအခါ တုန်လှုပ်လျက်ရှေ့တော် သို့လာ၍ပျပ်ဝပ်၏။ ထိုနောက်ကိုယ်တော်အား အဘယ်ကြောင့်တို့ထိရသည့်အကြောင်းကို လည်းကောင်း၊ ချက်ချင်းပင်မိမိ၏ရောဂါ ပျောက်ကင်းသွားကြောင်းကိုလည်းကောင်းလူ အပေါင်းတို့၏ရှေ့တွင်လျှောက်၏။-
48 ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်း သည်သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားပေတော့'' ဟုမိန့်တော်မူ၏။
49 ယင်းသို့ကိုယ်တော်မိန့်တော်မူချိန်၌တရားဇရပ် အုပ်ချုပ်ရေးမှူး၏အိမ်မှလူတစ်ယောက်ရောက်လာ ၏။ ``အရှင်၏သမီးသေဆုံးပါပြီ။ အဘယ်ကြောင့် ဆရာတော်ကိုနှောင့်ယှက်ပါတော့မည်နည်း'' ဟု ပြော၏။
50 ထိုစကားကိုသခင်ယေရှုကြားတော်မူလျှင် တရားဇရပ်မှူးအား ``မစိုးရိမ်နှင့်။ သင့်မှာ ယုံကြည်ခြင်းသာရှိစေလော့။ သူငယ်မသည် ကျန်းမာလာပေအံ့'' ဟုမိန့်တော်မူ၏။
51 ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။-
52 သူငယ်မသေသည့်အတွက် လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းလျက်နေကြ၏။ ကိုယ်တော် က ``မငိုကြွေးကြနှင့်။ သူငယ်မသေသည် မဟုတ်၊ အိပ်လျက်နေ၏'' ဟုမိန့်တော်မူ၏။
53 ထိုအခါလူတို့သည်သူငယ်မသေဆုံးပြီး ကြောင်းကိုသိသဖြင့်ကိုယ်တော်ကိုပြောင်လှောင် ကြ၏။-
54 ကိုယ်တော်သည်သူငယ်မ၏လက်ကိုဆုပ်ကိုင် ကာ ``ကလေးမ၊ ထလော့'' ဟုမိန့်တော်မူ၏။-
55 သူငယ်မသည်အသက်ပြန်ဝင်လာ၍ချက်ချင်း ပင်ထလေ၏။ ကိုယ်တော်သည်သူငယ်မအား အစားအစာကျွေးမွေးရန်မိန့်မှာတော်မူ၏။-
56 မိဘတို့သည်များစွာအံ့သြကြ၏။ သို့ရာတွင် ကိုယ်တော်သည်ဤအဖြစ်အပျက်အကြောင်းကို မည်သူအားမျှမပြောရန်သူတို့အားပညတ် တော်မူ၏။