4 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
5 သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
6 ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-
7 ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
8 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
9 ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက်ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
10 ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။