၂ ပေ 2 BJB

1 သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။

2 သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသ​ေရသည် ပျက်စီးလိမ့်မည်။

3 သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။

4 အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။

5 ရှေးလောကဓာတ်ကိုလည်းနှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ ၏။

6 သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သောသူတို့ အားပုံသက်သေကို ထားတော်မူ၏။

7 ထိုအခါမတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ဖြောင့်မတ်သော လောတကို ကယ်နှုတ်တော်မူ၏။

8 ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စီမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။

9 ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှါ၎င်း၊

10 မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့်ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထားခြင်းငှါ၎င်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။

11 ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြ။

12 သူတို့မူကား၊ ဘမ်း၍ဖျက်ဆီးဘို့ရာ ဖန်ဆင်းသောတိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျပ်စီးခြင်းသို့ရောက်၍၊ မတရားသော အမှု၏ အပြစ်ကိုခံရကြလိမ့်မည်။

13 နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူစားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။

14 သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏ သားဖြစ်ကြ၏။

15 ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏ သားဗာလမ်၏လမ်းကိုလိုက်ကြ၏။

16 ထိုဗာလမ်သည် မတရားသော အမှု၏အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင်သော မြည်းသည်လူဘာသာအားဖြင့်မြွက်၍၊ ထို ပရောဖက်၏ မိုက်မဲခြင်းကိုမြစ်တားလေ၏။

17 ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။

18 အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။

19 လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။

20 ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကိုသိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။

21 ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။

22 ခွေးသည် မိမိဘန်ဖတ်ကိုပြန်၍စား၏။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။

အခန်းကြီး

1 2 3