ယောဘဝတ္တု။ 2:10-13 BJB

10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။

11 ထိုအခါတေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတည်းဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည်ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။

12 ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။

13 ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။