ယောဘဝတ္တု။ 42 BJB

1 ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊

2 ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှမဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။

3 ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သောအရာတို့ကို၎င်း ပြောမိပါပြီ။

4 နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သောအရာတို့ကို သွန်သင်တော်မူပါ။

5 သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဘူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။

6 ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။

7 ထိုသို့ထာဝရဘုရားသည် ယောဘအားမိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့် သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော။

8 သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့သည်မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

9 ထိုသို့ထာဝရဘုရားမှာထားတော်မူသည်အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကို ထောက်တော်မူ၏။

10 ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရဘုရားသည်ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

11 ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်းသောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ သူ့အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူညည်းတွားခြင်းနှင့် နှစ်သိမ့်စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေတပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။

12 ထိုသို့ထာဝရဘုရားသည် ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကိုရတတ်၏။

13 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကိုလည်း ရပြန်၏။

14 သမီးကြီးကား၊ ယေမိမ၊ သမီးလတ်ကားကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။

15 တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည် သူတို့ မောင်များနှင့်အညီအမျှ သူတို့အားအမွေဥစ္စာကို ဝေပေးလေ၏။

16 ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ်အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊

17 အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။ယောဘဝတ္တုပြီး၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42