ယောဘဝတ္တု။ 42:3-9 BJB

3 ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သောအရာတို့ကို၎င်း ပြောမိပါပြီ။

4 နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သောအရာတို့ကို သွန်သင်တော်မူပါ။

5 သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဘူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။

6 ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။

7 ထိုသို့ထာဝရဘုရားသည် ယောဘအားမိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့် သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော။

8 သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့သည်မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

9 ထိုသို့ထာဝရဘုရားမှာထားတော်မူသည်အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကို ထောက်တော်မူ၏။