ရှောလမုန်သီချင်း။ 3 BJB

1 ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ်မှာ ငါရှာ၏။ ရှာသော်လည်းမတွေ့။

2 ငါထမည်။ မြို့လမ်းတို့တွင် လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။

3 မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။

4 သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင်၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့၏။

5 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။

6 မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်းတတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ရှောလမုန်မင်း၏ ယာဉ်ပျံတော်ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားစူသူရဲ အခြွေအရံ ရှိကြ၏။

7 ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။

8 ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်း မိမိအပေါ်၌ မိမိထားကိုမြှောင်ထားလျက်ရှိ၏။

9 လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။

10 ကွန်းစင်တိုင်တို့ကို ငွေဖြင့်၎င်း၊ အောက်ပိုင်းကို ရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့်၎င်း၊ ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ။

11 ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင်သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန်မင်းကြီးကို သွား၍ဖူးမြင်ကြလော့။

အခန်းကြီး

1 2 3 4 5 6 7 8