ရှောလမုန်သီချင်း။ 4:1-5 BJB

1 သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ၏။ ဆံပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။

2 သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။

3 နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။

4 လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင်တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။

5 ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ်အမွှာနှင့် တူကြ၏။