1 ထိုသို့ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
2 ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး၏။
3 သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။
4 ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
5 ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကားအတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
6 ထိုအခါ ဧဇရသည် ဘုရားသခင်၏အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲနေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်းလေ၏။
7 သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်းတို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊