4 ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
5 ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကားအတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
6 ထိုအခါ ဧဇရသည် ဘုရားသခင်၏အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲနေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်းလေ၏။
7 သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်းတို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊
8 မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည်ကား၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာကြ၏။
9 ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြို့မှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။
10 ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသားမိန်းမတို့နှင့် စုံဘက်ကြ ပြီတကား။