5 ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့ ၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
6 ဗိမာန်တော် တိုက်မြစ်ကိုမချသေးသော်လည်း၊ သတ္တမလတရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
7 ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ၊ ဇိဒုန်မြို့သားနှင့် တုရှ မြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကိုပေးကြ၏။
8 ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရသော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည်ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။
9 ထိုအခါယုဒအမျိုး၊ ယောရှုနှင့် သူ၏သားညီများ၊ ကပ်မျေလနှင့်သူ၏သားများ၊ လေဝိအမျိုးဟေနဒဒ်သားများ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ၏။
10 လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ်ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။
11 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲတည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။