ဧ​ဇ​ရ 9:1-7 BJB

1 ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလအမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော်သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာဘွယ်သော အကျင့်ကို ကျင့်ကြပါ၏။

2 အကြောင်းမူကား၊ သူတို့သမီးများကို ကိုယ်ဘို့၎င်း၊ ကိုယ်သားဘို့၎င်း၊ သိမ်းယူသဖြင့်၊ သန့်ရှင်းသော အမျိုးသည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ၍၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည်၊ ဤဒုစရိုက်အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။

3 ထိုစကားကို ငါကြားလျှင် အတွင်းအဝတ်၊ အပြင်အဝတ်ကို ဆုတ်၍ ဆံပင်နှင့် မုတ်ဆိတ်ကို နှုတ်ပစ်လျက်၊ မိန်းမောတွေဝေလျက် ထိုင်နေ၏။

4 ထိုအခါ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံသောသူအပေါင်းတို့သည်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသောအပြစ်ကြောင့်၊ ငါ့ထံမှာစည်းဝေး၍၊ ညဦးယံ ယဇ်ပူဇော် ချိန်တိုင်အောင် ငါသည်မိန်းမောတွေဝေလျက် နေ၏။

5 ညဦးယံ ယဇ်ပူဇော်ချိန်တွင်၊ စိတ်ပျက်ရာမှထ၍ အတွင်းအဝတ်၊ ပြင်အဝတ်ကို ဆုတ်ပြီးလျှင်၊ ဒူးထောက်၍၊ ငါ၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ လက်ဝါးတို့ကို ဖြန့်လျက်၊

6 အို အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရား သခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုဃ်းကောင်းကင်သို့ မှီပါ၏။

7 ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တပါးအမျိုးသားရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းကို ခံရပါ၏။