8 ယခုခဏတွင်၊ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန် ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသောတံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကိုလင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ။
9 အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ် ခြင်းငှါ၎င်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏အိမ်ထောင်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ၎င်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်း ငှါ၎င်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။
10 ယခုလည်း အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ ဤသို့ ပြုမိပြီးမှ၊
11 အဘယ်သို့ လျှောက်ရပါမည်နည်း။
12 ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတံ့သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေး ကြောင့် ညစ်ညူးသော ပြည်ဖြစ်၏။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စုံစေကြပြီ။ သို့ဖြစ်၍ သင်တို့ သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီးကို သင်တို့သားနှင့် မစုံဘက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေကို ကိုယ်သားမြေးတို့၌ နိစ္စအမွေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော် ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါ တကား။
13 အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားတည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှသော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု၊ ကြီးစွာသောလွန်ကျူးခြင်းအပြစ်ကြောင့်၊ ဤမျှလောက် ခံရပြီးမှ၎င်း၊ ကိုယ်တော်သည် ဤမျှလောက်ချမ်းသာပေးတော်မူပြီး မှ၎င်း၊
14 အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ်၊ မကျန် ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော။