၁ ရာ​ချုပ် 11:2-8 BJB

2 အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။

3 ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည်ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။

4 တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊

5 ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။

6 ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံသောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။

7 ထိုနောက် ဒါဝိဒ်သည်ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။

8 မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ၏။