၁ ရာ​ချုပ် 20 BJB

1 အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။

2 ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ၊ ဒါဝိဒ်သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။

3 မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။

4 နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။

5 နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုးဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။

6 နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေတဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊

7 ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ၏။

8 ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29