၁ ရာ​ချုပ် 13:5-11 BJB

5 ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊

6 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။

7 ဘုရားသခင်၏သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့် အဟိဩသည်လှည်းကို နှင်ကြ၏။

8 ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် သီချင်းဆိုလျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။

9 ခိဒုန်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။

10 ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ်တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။

11 ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း။