၁ ရာ​ချုပ် 16:30-36 BJB

30 မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။

31 ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ။

32 ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။

33 ထိုအခါတော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသား တို့ကိုတရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။

34 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

35 အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကို ဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တပါးအမျိုးသားထဲက နှုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။

36 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင်ဟု ဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။