15 ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အားပြန် ပြောလေ၏။
16 ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း။
17 သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။
18 ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေခြင်းငှါ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။
19 အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကိုထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ။
20 သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ။
21 အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။