၁ ရာ​ချုပ် 17:6-12 BJB

6 ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာအရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီးတစုံ တယောက်အား၊ သင်သည် ငါ့အဘို့အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။

7 ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကို ငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။

8 သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင်၌ဂုဏ်အသရေကို ငါပေး ပြီ။

9 ထိုမှတပါး၊ ငါ၏လူဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည်နောက်တဖန်မပြောင်း မလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌၎င်း၊

10 ငါ၏လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။

11 သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့ သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။

12 ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည်။