2 ဒါဝိဒ်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ၏။
3 ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်းတို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
4 သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
5 လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍၊ ဣသရေလအမျိုး၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း၊ ယုဒအမျိုး၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
6 သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံ့သောကြောင့်၊ လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း၍ မရေတွက်။
7 ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော်မူမည်ဖြစ်၍၊
8 ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသော အမှု၌အလွန် ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သော အမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။