၁ ရာ​ချုပ် 22:7-13 BJB

7 ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။

8 သို့ရာတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာ စစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ။

9 သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန် ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏ လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို၎င်း၊ ငါပေးမည်။

10 ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ။

11 သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌ နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်းသင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။

12 သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏တရားတော်ကို စောင့်ရှောက်မည် အကြောင်း၊ ထာဝရဘုရားသည် ဥာဏ်ပညာကိုပေး၍၊ ဣသရေလအမျိုးကို စီရင်ခြင်းအမှု၌ မှာထားတော်မူပါစေသော။

13 ဣသရေလအမျိုး၏ အမှု၌ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကိုစောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။