5 ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော်ကို ဆင့်ဆိုလျှင်၊
6 ရှင်ဘုရင်နှင့်ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။
7 ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ်သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင်မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။
8 သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော်မူ၏။
9 အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
10 ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။
11 ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။