၂ ရာ​ချုပ် 18:11-17 BJB

11 ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။

12 မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊

13 မိက္ခာက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟုဆို၏။

14 ရှင်ဘုရင်ထံသို့ရောက်သောအခါ၊ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟုမေးလျှင်၊ မိက္ခာကစစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။

15 ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည်ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊

16 မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့်၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။

17 ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။