၂ ရာ​ချုပ် 18:4-10 BJB

4 တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊

5 ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။

6 ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော်၊

7 ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်၊ ဣမလသားမိက္ခာ ရှိသေး၏။ သို့ရာတွင်၊ ထိုသူကိုငါမုန်း၏။ ငါ၌မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။

8 ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။

9 ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာ ထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။

10 ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိပြည်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။