1 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ၍ တပ်မှူးများ၊ ယေရောဟံသား အာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သားအာဇရိ၊ အဒါယသား မာသေယ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့ လေ၏။
2 ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့ သို့ ပြန်လာကြ၏။
3 စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန် တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည် အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။
4 သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့၌ ဝင်သောယဇ်ပုရောဟိတ် လေဝိသားသုံးစုတစုသည် တံခါးစောင့်လုပ်ရမည်။
5 တစုသည် နန်းတော်ကို စောင့်ရမည်။ တစုသည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း၌ နေရကြမည်။
6 ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြမည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက်၌စောင့်နေရကြမည်။
7 လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ်တော်မြတ်ကို ဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။