14 ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဘို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။
15 လိမ္မာသောသူတို့သည် ဥာဏ်ရှာ၍လုပ်သောယန္တရားစက်တို့ကိုလည်း၊ ယေရုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုးအပေါ်က မြှားနှင့်ကျောက်ကြီးကို ပစ်စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သိတင်းတော်သည် အနှံ့အပြားကျော်စော၏။
16 ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ဝင်လေ၏။
17 ယဇ်ပုရောဟိတ်အာဇရိသည် ရဲရင့်ခြင်းသတ္တိရှိသော ထာဝရဘုရား၏ အမှုတော်ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့်တကွ၊ ရှင်ဘုရင်ဩဇိနောက်တော်သို့ လိုက်၍၊
18 ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ၊ ခန့်ထားသောအာရုန်သား ယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာဌာနထဲကထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြလျှင်၊
19 ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။
20 ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည်ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့်၊ အလျင်အမြန်ထွက်လေ၏။