၂ ရာ​ချုပ် 26:5-11 BJB

5 ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သောကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက်ရသော အခွင့်ကို ပေးတော်မူ၏။

6 ထိုမင်းသည် စစ်ချီ၍ ဖိလိတ္တိလူတို့ကို တိုက်သဖြင့်၊ ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ၊ အာဇုတ်မြို့ပတ်လည်၊ ဖိလိတ္တိပြည်အရပ်ရပ်၌ မြို့သစ်တို့ကို တည်ထောင်လေ၏။

7 ဘုရားသခင်သည် ဖိလိတ္တိလူ၊ ဂုရဗာလမြို့မှာ နေသောအာရပ်လူ၊ မဟုနိမ်လူတို့တဘက်၌ သူ့ကို မစတော်မူ၏။

8 အမ္မုန်အမျိုးသားတို့သည်လည်း၊ ဩဇိမင်းအား လက်ဆောင်ပဏ္ဍာတို့ကို ဆက်ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့စေသဖြင့်၊ သိတင်းတော်သည် အဲဂုတ္တုပြည်တိုင်အောင် ကျော်စောလေ၏။

9 ဩဇိမင်းသည် ယေရုရှလင်မြို့ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကို တည်၍ခိုင်ခံ့စေ၏။

10 တော၌လည်းရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူ၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းဖူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သောအမှုများကို ဝါသနာရှိ၏။

11 ဩဇိမင်း၌ တပ်စာရေးယေယေလနှင့် တပ်အုပ်မာသေယတို့သည် စာရင်းယူသည်အတိုင်း၊ ရှင်ဘုရင်၏ ဗိုလ်မင်းဟာနနိသည် စီရင်၍၊ အသီး အသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ၏။