20 အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော်လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။
21 အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အားပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
22 အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
23 ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာအကြောင်း ဖြစ်သတည်း။
24 တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကိုလည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ်ပလ္လင်တို့ကို တည်၏။
25 အခြားတပါးသောဘုရားတို့အား နံ့သာပေါင်းကို မီးရှို့စရာဘို့၊ ယုဒမြို့အသီးသီးတို့၌ မြင့်သောအရပ် တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။
26 အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေမျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။