၂ ရာ​ချုပ် 28:3-9 BJB

3 ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။

4 မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။

5 ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရားသည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကိုဘမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။

6 တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်းတမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ကြသတည်း။

7 ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သားမာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကိုသတ်၏။

8 ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။

9 ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရောဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်းကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။