၂ ရာ​ချုပ် 30:1-7 BJB

1 တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။

2 ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင်သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင်မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။

3 ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေးသောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။

4 ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊

5 အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။

6 ရှင်ဘုရင်နှင့် မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည်ယူ၍၊ အမိန့်တော်အတိုင်း ဣသရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။

7 ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။