17 သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ်ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ကြ၏။
18 မနာရှေပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် မိမိဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့်နှင့် သူ့အားပရောဖက်တို့ ဟောပြောသောစကားသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။
19 သူဆုတောင်းခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ် တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊ ဟောဇဲ၏ ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။
20 မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ မိမိအိမ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အားမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21 အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။
22 ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။
23 ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့သို့ မနှိမ့်ချဘဲ အထူးသဖြင့် ပြစ်မှား၏။