၂ ရာ​ချုပ် 35:5-11 BJB

5 ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသားအဆွေအမျိုး အသီးအသီးနေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။

6 ထိုသို့ပသခါ သိုးသငယ်ကိုသတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ညီအစ်ကိုတို့သည် မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေခြင်းငှါ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။

7 စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲခံစရာဘို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ်သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။

8 မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အား ပေးကြ၏။ ဗိမာန်တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဘို့ သိုးဆိတ်နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အားပေးကြ၏။

9 လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီများတို့သည်လည်း၊ ပသခါပွဲခံစရာဘို့ သိုးဆိတ်ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။

10 ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ရပ်၍၊ လေဝိသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ကြ၏။

11 ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကို လက်နှင့်ဖြန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။