8 ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလအမျိုးကို ချစ်၍ အစဉ်အမြဲတည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
9 ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။
10 ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက်မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။
11 ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။
12 ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။
13 ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
14 ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။