11 ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
12 လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
13 လူတို့စီရင်ခန့်ထားသောအုပ်ချုပ်မှုစနစ်အားလုံးကို သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ နာခံကြလော့။ အထွတ်အမြတ်ဖြစ်သောရှင်ဘုရင်ကိုဖြစ်စေ၊
14 ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။
15 အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုခြင်းအားဖြင့် မိုက်မဲသောသူတို့၏အသိဉာဏ်ကင်းမဲ့မှုကို တိတ်ဆိတ်စေခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်၏။
16 လွတ်လပ်သောသူများအဖြစ် အသက်ရှင်နေထိုင်ကြလော့။ သို့သော် ထိုလွတ်လပ်ခြင်းကို မကောင်းမှုပြုရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်၏အစေအပါးအဖြစ် အသုံးပြုကြလော့။
17 လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။