ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3 MSB

ဇ​နီး​သည်​များ​နှင့်​ခင်​ပွန်း​သည်​များ

1-2 ထို​နည်း​တူ ဇ​နီး​သည်​တို့၊ မိ​မိ​တို့​၏​ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။ သို့​ပြု​လျှင် အ​ချို့​သော​ခင်​ပွန်း​သည်​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို​မ​ယုံ​ကြည်​ကြ​လျှင်​ပင် သင်​တို့​၏​ကြောက်​ရွံ့​ရို​သေ​မှု​နှင့် သန့်​ရှင်း​စင်​ကြယ်​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ကို​မြင်​လျက် ဇ​နီး​သည်​၏​စ​ကား​အား​ဖြင့်​မ​ဟုတ်​ဘဲ အ​သက်​ရှင်​နေ​ထိုင်​မှု​အား​ဖြင့် ပြောင်း​လဲ​လာ​ကြ​လိမ့်​မည်။

3 သင်​တို့​၏​တန်​ဆာ​ဆင်​ခြင်း​သည် ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​တန်​ဆာ​ဆင်​မြန်း​ခြင်း၊ အ​ဝတ်​အ​စား​များ​ဖြင့်​ဆင်​ယင်​ခြင်း​တည်း​ဟူ​သော အ​ပြင်​ပန်း​တန်​ဆာ​ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ

4 နူး​ညံ့​သိမ်​မွေ့​၍ တည်​ငြိမ်​သည့်​စိတ်​သ​ဘော​တည်း​ဟူ​သော ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်​နှ​လုံး​နှင့်​ဆိုင်​သော အ​တွင်း​ဝိ​ညာဉ်​လူ​၏​တန်​ဆာ​ဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ဤ​သည်​ကား ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​လွန်​အ​ဖိုး​ထိုက်​သော​အ​ရာ​ဖြစ်​၏။

5 ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​အား​ထား​သော သန့်​ရှင်း​သည့် ရှေး​ကာ​လ​မှ​အ​မျိုး​သ​မီး​တို့​သည်​လည်း ထို​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို တန်​ဆာ​ဆင်​ကြ​ကာ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​လျက် နာ​ခံ​သ​ကဲ့​သို့ မိ​မိ​တို့​၏​ခင်​ပွန်း​သည်​များ​ကို နာ​ခံ​ခဲ့​ကြ​၏။

6 သင်​တို့​သည်​လည်း မည်​သည့်​ခြောက်​လှန့်​မှု​ကို​မျှ​မ​ကြောက်​ရွံ့​ဘဲ ကောင်း​သော​အ​မှု​ကို​ပြု​လျှင် စာ​ရာ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

7 ထို​နည်း​တူ ခင်​ပွန်း​သည်​တို့၊ ဇ​နီး​သည်​သည် မိန်း​မ​သား​ဖြစ်​ပြီး မိ​မိ​တို့​ထက် အား​နည်း​သော​သူ​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​၍ အ​သက်​နှင့်​ဆိုင်​သော​ကျေး​ဇူး​တော်​ကို အ​တူ​တ​ကွ​အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ် တန်​ဖိုး​ထား​လျက် အ​တူ​တ​ကွ​ပေါင်း​သင်း​နေ​ထိုင်​ကြ​လော့။ ဤ​သည်​ကား သင်​တို့​၏​ဆု​တောင်း​ချက်​များ တား​ဆီး​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း​တည်း။

မ​ကောင်း​မှု​မ​ပြု​ကြ​နှင့်

8 နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် သင်​တို့​အား​လုံး တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​လျက် ကြင်​နာ​တတ်​သော​သ​ဘော၊ ညီ​အစ်​ကို​ချင်း​ချစ်​တတ်​သော​သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် စိတ်​နှိမ့်​ချ​သော​သ​ဘော​ရှိ​ကြ​လော့။

9 သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ဆက်​ခံ​ရ​မည့်​အ​ကြောင်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ အ​ဆိုး​ကို အ​ဆိုး​ဖြင့်​လည်း​ကောင်း၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ဖြင့်​လည်း​ကောင်း မ​တုံ့​ပြန်​ဘဲ ကောင်း​ချီး​ကို​သာ​ပေး​ကြ​လော့။

10 အ​ကြောင်း​မူ​ကား အ​သက်​ရှင်​ခြင်း​ကို​နှစ်​သက်​၍ ကောင်း​သော​နေ့​ရက်​တို့​ကို တွေ့​မြင်​လို​သော​သူ​သည် မိ​မိ​လျှာ​ကို​ချုပ်​တည်း​၍ မ​ကောင်း​သော​စ​ကား​နှင့်​ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ကို​လည်း​ချုပ်​တည်း​၍ မု​သား​မ​ပြော​မိ​စေ​နှင့်။

11 မ​ကောင်း​သော​အ​မှု​ကို​ရှောင်​ရှား​လျက် ကောင်း​သော​အ​မှု​ကို​ပြု​စေ။ ငြိမ်​သက်​ခြင်း​ကို​ရှာ​၍ ၎င်း​ကို​ရ​ရှိ​ရန်​ကြိုး​စား​စေ။

12 အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို​ကြည့်​ရှု​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၏။ သို့​သော် မ​ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​ထံ​မှ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ​၏။

ဖြောင့်​မှတ်​ခြင်း​ကြောင့်​ခံ​စား​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ

13 သင်​တို့​သည် ကောင်း​သော​အ​မှု​၌ စိတ်​အား​ထက်​သန်​လျှင် မည်​သူ​သည် သင်​တို့​ကို အန္တ​ရာယ်​ပြု​မည်​နည်း။

14 သို့​သော် ဖြောင့်​မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်း​ခြောက်​မှု​ကြောင့် ကြောက်​ရွံ့​ခြင်း​နှင့်​တုန်​လှုပ်​ချောက်​ချား​ခြင်း​မ​ရှိ​ဘဲ

15 သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ခ​ရစ်​တော်​ကို အ​ရှင်​သ​ခင်​အ​ဖြစ် ရို​သေ​လေး​မြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်​လင့်​ခြင်း​အ​ကြောင်း​နှင့်​ပတ်​သက်​၍ သင်​တို့​အား မေး​မြန်း​သော​သူ​အား​လုံး​တို့​ကို ဖြေ​ရှင်း​ပြော​ဆို​နိုင်​ရန် အ​မြဲ​တမ်း​အ​သင့်​ရှိ​ကြ​လော့။

16 သို့​သော် နူး​ညံ့​သိမ်​မွေ့​သော​စိတ်၊ ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် ကြည်​လင်​သော​အ​သိ​စိတ်​တို့​ဖြင့် ဖြေ​ရှင်း​ပြော​ဆို​ကြ​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ကို ကဲ့​ရဲ့​ရှုတ်​ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်​ခတ်​ပြော​ဆို​သည့်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။

17 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် မ​ကောင်း​သော​အ​မှု​ကို​ပြု​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​ခြင်း​ထက် ကောင်း​သော​အ​မှု​ကို​ပြု​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​ခြင်း​သည် သာ​၍​ကောင်း​၏။

18 အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည်​လည်း အ​ပြစ်​အ​တွက် တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။ သင်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​မည့်​အ​ကြောင်း ဖြောင့်​မတ်​သော​အ​ရှင်​သည် မ​ဖြောင့်​မတ်​သော​သူ​တို့​ကိုယ်​စား ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။ ကိုယ်​တော်​သည် ကိုယ်​ကာ​ယ​၌ အ​မှန်​ပင်​အ​သေ​ခံ​သော်​လည်း ဝိ​ညာဉ်​တော်​၌​မူ​ကား အ​သက်​ရှင်​စေ​ခြင်း​ကို​ခံ​တော်​မူ​လျက်

19 ထို​အ​ခြေ​အ​နေ​၌​ပင် အ​ကျဉ်း​ချ​ခံ​ရ​သော​ဝိ​ညာဉ်​များ​ထံ​သို့ သွား​၍ တ​ရား​ဟော​တော်​မူ​၏။

20 ထို​ဝိ​ညာဉ်​များ​မှာ တစ်​ချိန်​က နော​ဧ​လက်​ထက်​၌ သင်္ဘော​တည်​ဆောက်​စဉ်​တွင် ဘု​ရား​သ​ခင်​သည် စိတ်​ရှည်​စွာ​ဖြင့် စောင့်​ဆိုင်း​တော်​မူ​သော်​လည်း နာ​ခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိ​ညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ​၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အ​နည်း​ငယ်​တို့​သာ ရေ​မှ​တစ်​ဆင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။

21 ဤ​အ​ရာ​သည် ယ​ခု သင်​တို့​ကို​ကယ်​တင်​သော ဗတ္တိ​ဇံ​ကို​ပုံ​ဆောင်​၏။ ဗတ္တိ​ဇံ​သည် ကိုယ်​ကာ​ယ​၏​အ​ညစ်​အ​ကြေး​ကို ချွတ်​ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေ​ရှု​ခ​ရစ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အား​ဖြင့် ကြည်​လင်​သော​အ​သိ​စိတ်​ကို ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ခြင်း​ဖြစ်​၏။

22 ခ​ရစ်​တော်​သည် ကောင်း​ကင်​ဘုံ​သို့​ကြွ​တော်​မူ​၍ ကောင်း​ကင်​တ​မန်​များ၊ အာ​ဏာ​စက်​များ​နှင့် တန်​ခိုး​တို့​ကို မိ​မိ​လက်​အောက်​၌​ချ​ထား​လျက် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌​ရှိ​နေ​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5