4 လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍
5 သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
6 အဘယ်ကြောင့်ဆိုသော် “ကြည့်ရှုလော့။ ရွေးကောက်ထားသည့် အဖိုးထိုက်သောထောင့်ချုပ်ကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ ဆိုထား၏။
7 သို့ဖြစ်၍ ထိုကျောက်သည် ယုံကြည်သောသင်တို့အတွက် ဂုဏ်သရေဖြစ်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ဆောက်သူများပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်”ဖြစ်ပြီး
8 “ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်”ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။
9 သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
10 သင်တို့သည် ယခင်က လူမျိုးတော်မဟုတ်ခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြပြီ။ ယခင်က ကရုဏာတော်ကိုမခံစားခဲ့ရသော်လည်း ယခုအခါ ကရုဏာတော်ကိုခံစားရကြပြီ။